သဘာဝနယ်မြေများ

  • ဇီဝမျိုးစုံမျိုးကွဲများသည် လူအပါအဝင် သက်ရှိအားလုံး၏ အခြေခံဖြစ်ပြီး သက်ရှိများ ရေရှည်တည်တံ့ ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးပေးပါသည်။ ဇီဝမျိုးစုံမျိုးကွဲများဖြင့် ဖွဲ့စည်း တည်ရှိသော ဂေဟစနစ်များသည် ရာသီဥတုဖြစ်စဉ်များကို ထိန်းညှိခြင်း၊ ဘေးထွက်ပစ္စည်း များအား ရှင်းလင်းခြင်း၊ အဟာရ စက်ဝန်းပုံမှန်လည်ပတ်ခြင်း၊ ရေကောင်းရေသန့် ရရှိရန် သန့်စင်ခြင်း၊ ရေလွှမ်းမိုးခြင်း နှင့် မြေပြိုကျမှုများအား တားဆီးခြင်း၊ မြေဆီသြဇာ ကောင်းမွန်မှု ထိန်းသိမ်းခြင်း၊ လေထုအားသန့်စင်ပေးခြင်း နှင့် သစ်၊ အဝတ်အထည် နှင့် အစားအစာ ကဲ့သို့သော သဘာဝသယံဇာတများအား ရရှိခြင်းတို့ကို ပြုလုပ်ပေးပါသည်။
  • ရေချို/ရေငံ သယံဇာတ အရင်းအမြစ်များအပါအဝင် စားနပ်ရိက္ခာဆိုင်ရာ လုပ်ငန်းများ သည်လည်း ဇီဝမျိုးစုံမျိုးကွဲများအပေါ် အဓိကအမှီ ပြုပါသည်။ ထိုကြောင့် ဇီဝမျိုးစုံမျိုးကွဲ များ ဆုံးရှုံးခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများမှ ရရှိသည့် အလွန်အရေးပါသော ဝန်ဆောင်မှု များကို ဆုံးရှုံးခြင်းပင်ဖြစ်ပြီး နောက်လာမည့် မျိုးဆက်များကို တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်များ လက်ဆင့်ကမ်းခြင်း ပြုနိုင်မည် မဟုတ်ပါ။ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝ နယ်မြေများအား သတ်မှတ်တည်ထောင်လျက် ရှိပါသည်။ ပထမဦးဆုံး သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တောင်ကြီးငှက်ဘေးမဲ့တောအား ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ အစိုးရ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး သဘာဝဝန်းကျင် ထိန်းသိမ်းရေး နှင့် အမျိုးသား ဥယျာဉ်များ စီမံကိန်း (Nature Conservation National Park Project - NCNPP) ကို စတင်ခဲ့ပြီး ခေတ်သစ် ထိန်းသိမ်းကာကွယ်ရေးအား စတင်ခဲ့သည်။ NCNPP အတွင်း သစ်တောဦးစီးဌာနအောက်တွင် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနအား ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု နှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းခြင်းကို တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။
  • မြန်မာ့သစ်တောမူဝါဒ (၁၉၉၅) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံဧရိယာ၏ ၅% ဖြစ်စေရန် သတ်မှတ် ထားသည်။ ၂၀၀၀ ပြည့်နှစ်တွင်ရေးဆွဲခဲ့သော အမျိုးသားသစ်တောကဏ္ဍ နှစ်(၃၀) ပင်မ စီမံကိန်း (၂၀၀၁-၀၂ - ၂၀၃၀-၃၁) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံ ဧရိယာ၏ ၁၀% ဖြစ်စေရန် တိုးချဲ့သတ်မှတ်ခဲ့သည်။ လက်ရှိတွင် နိုင်ငံဧရိယာ၏ ၅.၇၅% ရှိပြီး မြောက်မြားလှသော ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝထိန်းသိမ်းရေး နယ်မြေ (၃၉) ခုအား တည်ထောင်ပြီးဖြစ်ကာ မြန်မာ့သစ်တောမူဝါဒပါ ရည်မှန်းချက်အား ပြည့်မီပြီး ဖြစ်သည်။ ၁၉၉၆ ခုနှစ်အထိ သဘာဝထိန်းသိမ်းရေးနယ်မြေများမှာ နိုင်ငံဧရိယာ၏ ၁% အောက်တွင် သာရှိပြီး အရွယ်အစားအားဖြင့် ၀.၄၇ မှ ၂၁၅၀ စတုရန်းကီလိုမီတာရှိသည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား မျိုးစိတ်ကိုသာ ထိန်းသိမ်း ကာကွယ်ခြင်းထက် ဂေဟစနစ်များကိုပါ ထိန်းသိမ်းခြင်းအတွက် တည်ထောင်လာပြီး အရွယ်အစား ကြီးမားသော သဘာဝထိန်းသိမ်းရေးနယ်မြေများပါဝင်လာသည်။ မြန်မာ နိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် မြောက်ဘက်ပိုင်း အယ်လပိုင်းသစ်တော များမှ တောင်ဘက်ပိုင်း ဒီရေတော နှင့် အပူပိုင်းမိုးသစ်တောများအထိ ကိုယ်စားပြုပါသည်။
  • သဘာဝထိန်းသိမ်းရေးနယ်မြေ (၃၉) ခုအနက် (၇) ခုမှာ အာဆီယံအမွေအနှစ်ဥယျာဉ် စာရင်းတွင်ပါဝင်ပြီး နိုင်ငံအလိုက် အရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ အာဆီယံ အမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ခံထားရသော သဘာဝထိန်းသိမ်းရေး နယ်မြေများ မှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ အင်လေးကန်ဘေးမဲ့တော၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တို့ ဖြစ်ပါသည်။ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်မျိုးစိတ်များ ကျက်စားနေမူကြောင့် Ramsar Site အဖြစ် ၂၀၀၅ ခုနှစ်မှစ၍ သတ်မှတ် ထားပါသည်။
  • နိုင်ငံဧရိယာ၏ ၁.၀၉% ရှိသော နေရာ (၇) ခုအား သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် အဆိုပြုကြေငြာချက် ထုတ်ပြန်ထားပြီး အတည်ပြုဖွဲ့စည်းနိုင်ရေး ဆောင် ရွက်လျက်ရှိသည်။ ထိုကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၅) ခု၊ နိုင်ငံဧရိယာ၏ ၆.၈၄% ရှိလာမည်ဖြစ်ပြီး အမျိုးသားသစ်တောကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းပါ ရည်မှန်း ချက်ပြည့်မီရန် နောက်ထပ် ၃.၁၆% ကျန်ရှိမည်ဖြစ်သည်။ ကချင်ပြည်နယ်တွင် အီမောဘွန်း အမျိုးသားဥယျာဉ်အားလည်း သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ အမျိုးသားရည်မှန်းချက်အား ပြည့်မီရန် မဝေးကွာတော့ပါ။